မိုးမည်းတွေကြွေနေတဲ့ည ဦးချလို့ ကိုယ်နှုတ်ဆက်
အမေ့မျက်နှာထက်က..ကျလုလုမျက်ရည်
အံခဲကာထိန်းချုပ်..မပူပုံလုပ်ခဲ့ပေမဲ့
ဘယ်တော့ပြန်တွေ့ရမယ်မှန်းမသိ
အနာဂတ်မရှိတဲ့..အမိမြေ..
အနာဂတ်ရှိအောင်လုပ်ပေးရေး
သားမောင်ကို အားပေးခဲ့တဲ့အမေ..
လူမသိ..သူမသိ အာဇာနည်မြန်မာလုံမေ
၈၈ ရဲ့သားကောင်း.အမေ့သား.
လိမ်ညာမှုကိုအမှန်တရားနဲ့တွန်းလှန်တိုက်
ခွပ်ဒေါင်းရဲ့ရဲရင့်တဲ့စိတ်ဓါတ်..
နီရဲတဲ့မြန်မာသွေး သားသွေးကြောထဲမှာစီးနေ
အမေချစ်တဲ့အဖေတူသား..
ကျွန်တော်စစ်ထွက်သွားရတော့မယ်..
မငိုလိုက်ပါနဲ့ .. အမေရယ်
အိမ်ဆိုတဲ့အရာနဲ့ ဝေး..တောတောင်ထဲမှာဆွေး
အချစ်ရေးထက်ဦးစားပေးခဲ့တဲ့.တော်လှန်ရေး
ဝိဥာဉ်နဲ့ အသက်ပေး လက်နက်ကိုင်တပ်သား
ရင်မှာဘယ်လောက်ဘဲတင်းထားတင်းထား
စိတ်ထဲမှာ..အမေ့ရဲ့ရင်ခွင်..
တိုးဝင်အိပ်စက်..လွမ်းအိမ်မက်များစွာ
ညည.လမ်းထဲမှာခွေးဟောင်သံကြား
သားပြန်လာသလားလို့
အမေလန့်ကာနိုး ကပြင်ဝကချွတ်နင်းဝင်လာမဲ့
သားခြေသံများကြားရနိုးနိုး
မျှော်ကိုးကာ အိပ်ရေးပျက်..
အမေ့ရဲ့ငရဲရက်များ..
ရေမတွက်နိုင်အောင်..
သားကြိုက်ရာဟင်းကိုချက်
ထမင်းစားပွဲမှာထိုင်ကာစောင့်ငေး ပြန်လာရေး..
မရေရာတဲ့သား ဘယ်အရပ်များမှာပါလိမ့်
သေသည်ရှင်သည်မသိရ အပူစရင်မှာနွေ..
မျက်လုံးရီဝေ အမှောင်တိမ်သလ္လာဖုံးချေ
အသက်နဲ့ ဝိဥာဉ်ပျက်ကြေ
ပန်းပွင့်ခြောက်သို့ မြေခကြွေ..
ခုနှစ်လီမိုး..ဆောင်းခုနှစ်ကြိမ်..
ပြောင်းခဲ့ပြန်သော်ငြား တရက်မှ..
မမေ့ရက်အားအောင်. မောင်…သတိရနေ
ကောင်းရာသုဂတိလားပါစေ..အမေ
မသဒ္ဓါ (၅။၁၂။၂၀၀၇)
သားကောင်းအာဇာနည် အမေများသို့..ဂုဏ်ပြုလျက်
6/12/2007
အမည်မသိ..အာဇာနည်အမေသို့ လွမ်းချင်းတပုဒ်
Posted by
Voice of 8888's students
at
10:48 PM
Subscribe to:
Post Comments (Atom)
No comments:
Post a Comment